လပွတ္တာမှ စပါးစိုက်တောင်သူများ ဝင်ငွေတိုးတက်စေရေး NGO နှင့် ပုဂ္ဂလိကကဏ္ဍတို့ပူးပေါင်း

19 February 2019

ရန်ကုန်။ မြန်မာ။ ဖေဖော်ဝါရီ ၂၀၁၉။ ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှ စပါးစိုက်တောင်သူများ ဝင်ငွေပိုမို တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့သြဘာလုပ်ငန်းစု (မြန်မာ့သြဘာ)၊ Mercy Corps နှင့် Golden Sunland တို့ပူးပေါင်းကာ “Link to Labutta Market” အမည်ဖြင့် ပရောဂျက်တစ်ခု ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ပရောဂျက်ကို NGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် Mercy Corps မှ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသည့် လပွတ္တာမြို့ကို ပြန်လည်တည်ဆောက်ရေး အစီအစဉ်တစ်ရပ်အနေဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ ဤ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုသည်ပါဝင်သူအဖွဲ့အစည်းအားလုံးကို အကျိုးများစွာ ဖြစ်ထွန်းစေမည် ဖြစ်သည်။ မြန်မာ့သြဘာအနေဖြင့် သွင်းအားစုပစ္စည်းများ ဖြန့်ဖြူးပေးနိုင်ခြင်း၊ Golden Sunland မှ အရည်အသွေးမြင့် စပါးများ ဝယ်ယူနိုင်ခြင်းအပြင် စပါးစိုက်တောင်သူများ အနေဖြင့်လည်း ဝင်ငွေပိုမိုတိုးတက် ကောင်းမွန်လာမည် ဖြစ်သည်။

၂၀၁၉ ဇန်နဝါရီတွင် စတင်ခဲ့သော ပရောဂျက်မှာ လက်ရှိတွင် လပွတ္တာမြို့နယ်အတွင်းရှိ စိုက်ဧက ၂၀၀ ကျော်၊ တောင်သူဦးရေ ၄၀ နှင့် ၎င်းတို့၏မိသားစုများအတွက် အကျိုးအမြတ်များစွာ ဖန်တီးပေးလျက်ရှိသည်။ NGO အဖွဲ့အစည်းနှင့် ပုဂ္ဂလိကကဏ္ဍတို့ပူးပေါင်းဆောင်ရွက်သည့် အဆိုပါပရောဂျက်မှာ တောင်သူများ၏ အသက်မွေးဝမ်းကျောင်းမှု နှင့် ဘဝရပ်တည်မှုအား ၃၀% ထိ ဖွံ့ဖြိုးတိုးတက်လာစေရန် ခန့်မှန်းထားပြီး တိုးတက်မှုရလဒ်များကိုလည်း ထုတ်ပြန်ဖော်ပြပေးသွားမည် ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့လူဦးရေအများစုက စိုက်ပျိုုးရေးကဏ္ဍမှာ ပါဝင်လုပ်ကိုင်နေကြပြီး စပါးစိုက်တောင်သူတွေက ဒီစိုက်ပျိုးရေးလုပ်ငန်းစဉ်တစ်ခုလုံးရဲ့အခြေခံအကျဆုံး နေရာကနေ ပါဝင်နေပါတယ်။ စပါးစိုက်တောင်သူတွေက အခက်အခဲအမျိုးမျိုးကိုရင်ဆိုင်နေရပြီး ဆင်းရဲမွဲတေမှု အကျပ်အတည်းတွေကြားမှာ ပိတ်မိနေပါတယ်။ ကျွန်တော်တို့အနေနဲ့ဒီလို သဘာဝဘေးအန္တရာယ်ခံခဲ့ရတဲ့ ဒေသတွေမှာ စွမ်းရည်မြှင့်တင်မှုနဲ့အရင်းအနှီးထောက်ပံ့မှုတွေ ဖြည့်ဆည်းပေးပြီး ဒီထောက်ပံ့မှုတွေရဲ့အကျိုးသက်ရောက်မှုတွေကို အစဉ်မပြတ် စိစစ်အကဲဖြတ်နေပြီး ပိုမိုကောင်းမွန်အောင် ဖန်တီးလုပ်ဆောင်သွားမှာပါ။” လို့Mercy Corps မှ ဦးသက်ဦးက ဆိုပါတယ်။

ဤပရောဂျက်တွင် ပါဝင်သော မျိုးစေ့မှ ရိတ်သိမ်းသည့်အချိန်ထိ တာဝန်ခံမှုရှိသည့် လယ်ယာစိုက်ပျိုးရေးကို မြှင့်တင်ဆောင်ရွက်နေသည့် စင်္ကာပူအခြေစိုက် Golden Sunland Company က လပွတ္တာစပါးစိုက်တောင်သူများဆီမှ စိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့်ကောင်းများ (GAP)ကို အခြေခံ၍စိုက်ပျိုးထားသော စပါးများကို ဈေးကွက်ပေါက်ဈေးထက် ပိုမြင့်သောဈေးနှုန်းနှင့် ဝယ်ယူရန် သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ Golden Sunland အနေဖြင့်ထိုဝယ်ယူပြီးတဲ့ စပါးများကို နိုင်ငံတကာသို့တင်ပို့ရောင်းချမည် ဖြစ်သည်။

“ကျွန်တော်တို့ကုမ္ပဏီရဲ့ခံယူချက်အရ ဒီစိုက်ပျိုးရေးလုပ်ငန်းစဉ်ကြီးတစ်ခုလုံးကို တန်ဖိုးမြှင့်တင်နိုင်ဖို့နည်းလမ်းကောင်းတွေကို အဆက်မပြတ်ရှာဖွေလေ့လာနေပါတယ်။ ဒီပရောဂျက်မှာ ပါဝင်ခွင့်ရတဲ့အတွက် ကျွန်တော်တို့Golden Sunland အနေနဲ့မြန်မာလယ်သမားတွေရဲ့ဝင်ငွေတိုးလာအောင် ပူးပေါင်းကူညီလုပ်နိုင်ပြီး တစ်ဆက်တည်းမှာပဲပြည်တွင်းထုတ်ကုန်တွေကို နိုင်ငံတကာဈေးကွက်သို့တင်ပို့နိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။” လို့Golden Sunland တည်ထောင်သူ David Chen ကဆိုပါတယ်။

မြန်မာ့သြဘာရဲ့Business Development Head ဖြစ်တဲ့ Ms. Jin Young Choi ကလည်း “Link to Labutta Market ပရောဂျက်မှာ ပါဝင်ခွင့်ရတာဟာ လယ်သမားတွေရဲ့စပါးအထွက်နှုန်းမြင့်မားစေဖို မြန်မာ့သြဘာရဲ့စိုက်ပျိုးရေး အကြံပေးဝန်ဆောင်မှုတွေနဲ့ကူညီပေးနိုင်ဖို့မြန်မာ့သြဘာအတွက် အခွင့်ကောင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့စိုက်ပျိုးရေး လုပ်ငန်းကို ကူညီပေးနိုင်တဲ့ ဂြိုလ်တုဆင်ဆာအသုံးပြုခြင်း၊ စိုက်ပျိုးရေး IoT နှင့် ပိုးမွှားခွဲခြားဖော်ထုတ်တဲ့ AI နည်းပညာစတဲ့ အနုစိတ်စိုက်ပျိုးရေးနည်းပညာ (Precision Farming Capabilities) တွေကို ပိုမိုအသုံးချနိုင်ဖို့အခြား NGO တွေ၊ သီးနှံကုန်သည်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ဖိတ်ခေါ်ချင်ပါတယ်” လို့ဆိုပါတယ်။

မြန်မာ့သြဘာလုပ်ငန်းစုဟာ မြေဆီလွှာစစ်ဆေးခြင်း၊ စိုက်ပျိုးရေးအကြံပေးဝန်ဆောင်မှုများပံ့ပိုးပေးခြင်းဖြင့် လယ်သမားများ စိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့်ကောင်းများနှင့်အညီ စိုက်ပျိုးစေပြီး အထွက်နှုန်းကောင်းစေရန် တောင်သူလယ်သမားများကို ကူညီပေးလျက်ရှိသည်။ ဒါ့အပြင် လယ်သမားများအတွက် ထွက်နှုန်းကောင်းစေရန်၊ အရည်သွေးမြင့်သီးနှံများစိုက်ပျိုးနိုင်စေရန်နှင့် ရှိပြီးသားအရင်းအမြစ်များကို အကောင်းဆုံးအသုံးချပြီး သီးနှံထွက်နှုန်းမြင့်မားစေရန် ရည်ရွယ်ကာ “ထွက်တိုး” စိုက်ပျိုးရေး Mobile Application မှတစ်ဆင့်လည်း စိုက်ပျိုးရေးဝန်ဆောင်မှုများ ပံ့ပိုးပေးလျက်ရှိသည်။

၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော မြန်မာ့သြဘာသည် မြန်မာနိုင်ငံစိုက်ပျိုးရေးနည်းပညာ၏ အကြီးဆုံးထုတ်လုပ်သူနှင့် ဖြန့်ချိသူဖြစ်ပြီး သီးနှံကာကွယ်ရေး၊ သီးနှံအာဟာရ ဖြည့်တင်းရေးနှင့် အရည်အသွေးမြင့် မျိုးစေ့များအပေါ်တွင် အထူးအာရုံစိုက်လုပ်ဆောင်လျက်ရှိသည်။ ယနေ့တွင် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်နေသည့် ကျေးလက်ဒေသရှိ အိမ်ထောင်စုပေါင်း ၃.၅သန်းအတွက် မြန်မာ့သြဘာမှ စိုက်ပျိုးရေးပညာရှင်ပေါင်း ၁၅၀၀ ဖြင့် စိုက်ပျိုးရေးကဏ္ဍ ကွင်းဆက်တစ်ခုလုံးတိုးတက်အောင် ဘက်စုံနည်းလမ်းများဖြင့်လည်း အဖြေရှာပံ့ပိုးပေးလျက်ရှိသည်။ မြန်မာ့သြဘာလုပ်ငန်းစုသည် စိုက်ပျိုးရေးပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် ဒေသတွင်းအကြီးစားပုဂ္ဂလိကလုပ်ငန်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ချေးငွေလုပ်ငန်း၊ နည်းပညာလုပ်ငန်း၊ ထုတ်လုပ်ရေးနှင့် ပို့ဆောင်ရေးအပါအဝင် ဘက်စုံဝန်ဆောင်မှုများ ပံ့ပိုးပေးလျက်ရှိသည်။ ဒါ့အပြင် မြန်မာ့သြဘာလုပ်ငန်းစုသည် ရေရှည်တည်တံ့ပြီး တာဝန်ယူမှုရှိသော လုပ်ငန်းတစ်ခုဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံ အစရှိသည့် ပရောဂျက်မျိုးစုံတွင် ငွေကြေးထောက်ပံ့ပေးလျက်ရှိသည်။ ယခုလက်ရှိတွင် နိုင်ငံတစ်ဝန်းရှိကျေးလက်ဒေသများတွင် သောက်သုံးရေသန့်နှင့် လျှက်စစ်ဓာတ်အားရရှိနိုင်ရေး ပမာဏပရောဂျက်များစွာကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

စုံစမ်းမေးမြန်းလိုပါက
ဦးအောင်ထက်
Group Communication Manager

Tel: (+95) 94500 58931
Email: aunghtet@awba-group.com

‹ Return to articles page

If you are passionate about agriculture and believe in its significance in changing lives, join us

Explore a career with us