မီဒီယာများအတွက် ထုတ်ပြန်ချက်

16 May 2019

LIFT ရန်ပုံငွေပံ့ပိုးလျက်ရှိသော မြန်မာသြဘာလုပ်ငန်းစု၏ မျိုးစေ့စီမံကိန်းမှသည် မြန်မာနိုင်ငံကျေးလက်ဒေသ ဖွံ့ဖြိုးမှု ထပ်ဆင့်တက်လှမ်းစေမည့် အစီအစဉ်

ရန်ကုန်၊ မြန်မာ၊ ၁၆ မေလ ၂ဝ၁၉ ခုနှစ်။ ။ မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးမှု၏ ပြောင်းလဲမှု ခြေလှမ်းတခုဖြစ်စေမည့် တမူ ထူးခြားသော အစိုးရ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ခုကို ယနေ့ စတင်မိတ်ဆက်လိုက်ပါသည်။ အဆိုပါအစီအစဉ်ကို မြန်မာသြဘာလုပ်ငန်းစု (သြဘာ) နှင့် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (Livelihoods and Food Security Fund – LIFT)တို့မှ ပူးပေါင်းဆောင်ရွက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပံ့ပိုးထားပါသည်။ မြန်မာသြဘာ လုပ်ငန်းစုက ဆောင်ရွက်ကာ LIFT နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့က ပံ့ပိုးထားသည့် ဤအစီအစဉ်သည် လုပ်ကွက်ငယ်တောင်သူများအား အရည်အသွေးမြင့် မျိုးစေ့များကို ရယူနိုင်စေမည်ဖြစ်ပြီး တောင်သူ ၁.၃ သန်း ၏ ဝင်ငွေများကို သိသိသာသာ တိုးမြင့်လာစေမည်ဖြစ်ပါသည်။

“ရာသီဥတုပြောင်းလဲမှုတွေရဲ့ သက်ရောက်မှုတွေကြောင့် ဆိုးရွားစွာ ထိခိုက်ခံရဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ပါဝင်နေပါတယ်။ ရေကြီးတာ၊ မိုးခေါင်တာလိုမျိုး ပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်က တွေ့နေကျ ဖြစ်ရိုးဖြစ်စဉ်တွေလိုတောင် ဖြစ်လာနေပါပြီ။ အခုလို ပူးပေါင်းဆောင်ရွက်မှုကနေ မြန်မာ့တောင်သူတွေ၊ မျိုးစေ့ထုတ်လုပ်သူတွေက စီးပွားဖြစ် မျိုးသန့်မျိုးစေ့တွေကို ရယူလာနိုင်မယ်။ ဒီမျိုးစေ့တွေဟာ မိုးခေါင်တဲ့ဒဏ်ခံနိုင်မယ့်အပြင် အထွက်နှုန်းမြင့်တဲ့မျိုးတွေလည်း ဖြစ်ပါတယ်။ ယူကေအနေနဲ့ အခုလို အပြောင်းအလဲကို ဖော်ဆောင်မယ့် LIFT၊ မြန်မာသြဘာလုပ်ငန်းစုနှင့် မြန်မာနိုင်ငံအစိုးရတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ ပံ့ပိုးရတာကို ဂုဏ်ယူပါတယ်” ဟု ယူကေ သံအမတ်ကြီး Dan Chugg က အခမ်းအနားမှာ ပြောကြားပါသည်။

“ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတဝှမ်းက တောင်သူတွေ၊ မျိုးစေ့ထုတ်တောင်သူတွေရဲ့ အသက်မွေးမှုနဲ့ ထုတ်လုပ်မှုတွေ တိုးတက်လာ စေမယ့် အခုစီမံချက်ကို ဝမ်းမြောက်စွာပဲ ကြိုဆိုပါတယ်။ LIFT ရဲ့ အားလုံးပါဝင်စေတဲ့ ငွေကြေးအစီအစဉ်က ဆောင်ရွက်တဲ့ ဒီစီမံကိန်းက ကျွန်တော်တို့ အစိုးရရဲ့ စိုက်ပျိုးရေးဖွံဖြိုးမှု မဟာဗျုဟာနဲ့လည်း အံဝင်ခွင်ကျဖြစ်ပါတယ်။ မဟာဗျုဟာ အနေနဲ့ လုပ်ကွက်ငယ် တောင်သူများကို မြန်မာနိုင်ငံရဲ့ စိုက်ပျိုး-စားသောက်ကုန်စနစ် အသွင်ကူးပြောင်းမှုရဲ့ အချက်အချာမှာ အလေးထား ထည့်သွင်းထားပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ အားလုံးအကျုံးဝင်တဲ့ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးရေးကို ရရှိအောင် ဆောင်ရွက်မှာဖြစ်ပါတယ်။ စိုက်ပျိုးစီပွား လုပ်ငန်းများဟာ ဒီဖွံ့ဖြိုးမှုအတွက် အရေးပါလှပါတယ်။ ယခုလို အစိုးရ၊ပုဂ္ဂလိကပူးပေါင်းဆောင်မှုကနေ လုပ်ကွက်ငယ် တောင်သူများအနေနဲ့ ရာသီဒဏ်ခံနိုင်ပြီး ရေရှည်ဖြစ်ထွန်းမယ့် အရည်အသွေးမြင့် ပဲအမျိုးမျိုးနဲ့ ဆီထွက်သီးနှံမျိုးစေ့တွေ ရနိုင်မှာ ဖြစ်ပါတယ်။” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း က ပြောပါသည်။

“LIFT ရဲ့ အားလုံးပါဝင်စေတဲ့ ငွေကြေးအစီအစဉ်ပံ့ပိုးမှုကတဆင့် မြန်မာနိုင်ငံကတောင်သူတွေ ဝင်ငွေတိုးဖို့၊ လုပ်အားထုတ်လုပ်မှုတွေ မြင့်မားဖို့ နဲ့ ရာသီဥတုပြောင်းလဲမှုဒဏ်တွေကို ခံနိုင်ရည်ရှိဖို့ ရည်ရွယ်ပါတယ်။ သြဘာ နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်း ဝန်ကြီးဌာနတို့နဲ့လက်တွဲပြီး အခုလို ပူးပေါင်းဆောင်ရွက်မှုက LIFT ရဲ့ ရည်ရွယ်ချက်တွေအားလုံးနဲ့ ကိုက်ညီပြည့်စုံပါတယ်။ ဒီစီမံကိန်း အကောင်ထည်ဖော်မှုကနေ မြန်မာနိုင်ငံက တောင်သူ ၁.၃ သန်းရဲ့ ဝင်ငွေတွေကိုတိုးလာစေပြီး လာမယ့် ငါးနှစ်တာ ကာလအတွင်းမှာ

စုစုပေါင်းအမေရိကန်ဒေါ်လာသန်း ၅ဝဝထိ ရရှိနိုင်မယ်လို့ ကျွန်မတို့ မျှော်လင့်ထားပါတယ်”ဟု LIFT ရန်ပုံငွေ ညွှန်ကြားရေးမှူး Katy Webley က ပြောကြားပါသည်။

ထွက်နှုန်းမြင့် စပ်မျိုးစေ့ထုတ်လုပ်မှု နှင့် နှိုင်းယှဉ်ကြည့်လျှင် သဘာဝ ဝတ်မှုန်ကူး မျိုးစေ့ထုတ်လုပ်မှုမှာ နည်းပါးနေသေးသည်ဖြစ်ရာ ယခုကဲ့သို့ LIFT ၏ ပံ့ပိုးမှုသည် ပုဂ္ဂလိက ကဏ္ဍမှ အရှိန်အဟုန်ဖြင့် ရင်းနှီးမြှုပ်နှံလာရေးအတွက် အရေးပါလှပါသည်။

“မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသက ပဲအမျိုးမျိုး၊ ဆီထွက်မျိုးစေ့နဲ့ သဘာဝဝတ်မှုကူး သီးနှံ စိုက်ပျိုးကြတဲ့ တောင်သူတွေ ရင်ဆိုင် နေရတဲ့ အခက်အခဲတွေထဲမှာ အရေးကြီးဆုံးဖြေရှင်းဖို့လိုအပ်နေတာကတော့ အရည်အသွေးမြင့်မျိုးစေ့များ ရရှိနိုင်ရေးဖြစ်ပါတယ်။ ဒီအခက်အခဲကို သြဘာက ဖြေရှင်းဆောင်ရွက်မှာပါ။ သဘာဝဝတ်မှုန်ကူး မျိုးစေ့ထုတ်လုပ်မှုက ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုအတွက် သိပ်ပြီးမတွင်ကျယ်သေးပါဘူး။ ဒါကြောင့် ပြင်ပအကူအညီတွေ လိုအပ်ပါတယ်။ ဒီလို တမူထူးခြားတဲ့ စီမံချက်မှာ LIFT က ပါဝင်ပံ့ပိုးတာကို ကျွန်တော်တို့အနေနဲ့ ကျေးဇူးတင်ပါတယ်။ ပတ်ဝန်းကျင်ဂေဟစနစ်ကို မထိခိုက်စေတဲ့ အစီအစဉ် အကောင်ထည်ဖော်ဖို့ အတွက် သြဘာကို ရွေးချယ်လိုက်တဲ့အပေါ်မှာလည်း ဝမ်းမြောက်ရပါတယ်။ ကျွန်တော်တို့အနေနဲ့ မိတ်ဖက်တောင်သူတွေ၊ ဝန်ကြီး ဌာနတို့နဲ့ အတူလက်တွဲပြီး အကောင်ထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ” ဟု မြန်မာသြဘာလုပ်ငန်းစု၏ အမှုဆောင်အရာရှိချုပ် ဦးသတိုးဟိန်းက ပြောပါသည်။

အရည်အသွေးမြင့် မျိုးစေ့ထုတ်လုပ်မှုအစီအစဉ်သည် အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသရှိ မျိုးစေထုတ်လုပ်သူများ၊ တောင်သူများအား အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါသည်။ လက်ရှိအချိန်တွင် အဆိုပါဒေသရှိ တောင်သူများသည် မိုးခေါင်ရေရှားသည့် ဒဏ်ကို ခံနိုင်ရည်မရှိသည့် ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံများကိုသာ စိုက်ပျိုးနေရာ ရာသီဥတုအပြောင်းအလဲများကြောင့် ထိခိုက် ဆုံးရှုံးရမှုဒဏ်ကို ပိုမိုခံကြရပါသည်။

သြဘာသည် ပုဂ္ဂလိကမျိုးစေ့ကုမ္ပဏီတခုကို ပထမမျိုးစေ့ ကုမ္ပဏီလီမီတက်အဖြစ်ထူထောင်ထားပြီး အထက်ပါအခက်အခဲများကို ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ပါသည်။ ပထမမျိုးစေ့ကုမ္ပဏီသည် သြဘာနှင့် တောင်သူများ၏ ဖက်စပ်ကုမ္ပဏီဖြစ်ပြီး သမဝါယမ၊ ပူးပေါင်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများဖြင့် လည်ပတ်ဆောင်ရွက်မည် ဖြစ်ပါသည်။

green gram crops Myanmar

ပထမမျိုးစေ့ကုမ္ပဏီ တောင်သူများမှ ပဲတီစီမ်းမျိုးများ စိုက်ပျိုးထားပုံ

‹ Return to articles page

If you are passionate about agriculture and believe in its significance in changing lives, join us

Explore a career with us