ဤရေရှည်တည်တံ့ခိုင်မြဲရေး အစီရင်ခံစာသည် မြန်မာ့သြဘာလုပ်ငန်းစုမှ တတိယအကြိမ် ထုတ်ဝေသော အစီရင်ခံစာ ဖြစ်ပါသည်။ ဤအစီရင်ခံစာမှတစ်ဆင့် မြန်မာ့ဩဘာလုပ်ငန်းစု၏ အကျိုးသက်ဆိုင်သူများ အပေါ်ထားရှိသော တာဝန်သိရှိမှုနှင့် ပွင့်လင်းမြင်သာမှု ကတိကဝတ်ကို ထင်ဟပ်ဖော်ပြပါသည်။
ဤအစီရင်ခံစာတွင် မြန်မာ့သြဘာလုပ်ငန်းစု၏ လုပ်ငန်းများနှင့် အဖွဲ့အစည်းများ အားလုံးကို ထည့်သွင်း ဖော်ပြ ထားသည်။ ဤအစီရင်ခံစာတွင် မြန်မာ့သြဘာလုပ်ငန်းစု၏ ဘဏ္ဍာရေးနှင့် မသက်ဆိုင်သည့် စွမ်းဆောင်ချက်များအား သိရှိစေရန် မိမိတို့၏ လုပ်ဆောင်ချက်များ၊ တိုးတက်မှုများနှင့် ရလဒ်များကို ကိန်းဂဏန်း အချက်အလက်များ၊ အရည်အသွေးဆိုင်ရာ သတင်းအချက်အလက်များနှင့်တကွ ဖော်ပြ ထားသည်။ ကိန်းဂဏန်းအချက်အလက်များသည် သီးခြားမှတ်ချက်ပြုထားခြင်း မရှိပါက ၂ဝ၂၄ ခုနှစ် ဧပြီလမှ ၂ဝ၂၅ ခုနှစ် မတ်လအထိ (ဘဏ္ဍာနှစ် ၂ဝ၂၄/၂၅) နှင့် ၂ဝ၂၅ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ(ဘဏ္ဍာနှစ် ၂ဝ၂၅/၂၆ ၏ ပထမနှစ်ဝက်) ကာလအတွင်း အကျုံးဝင်ပါသည်။ အရည်အသွေးဆိုင်ရာ သတင်းအချက်အလက်များသည် ၂ဝ၂၄ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ဖြစ်သည်။ ထုတ်ဖော်ပြသထားသည့် အချက်အလက်များ ကို အခြားပြင်ပအဖွဲ့အစည်းမှ စစ်ဆေးထားခြင်း မရှိသေးပါ။မြန်မာ့သြဘာလုပ်ငန်းစု၏ ဘဏ္ဍာရေးနှင့် မသက်ဆိုင်သော ဤအစီရင်ခံစာအား Global Reporting Initiative (GRI) စံနှုန်းများနှင့်အညီ လိုက်နာလုပ်ဆောင်ထားပါသည်။ဤအစီရင်ခံစာအား ၂ဝ၂၆ ခုနှစ် ဇွန်လ ၂၃ ရက် တွင် မြန်မာ့သြဘာလုပ်ငန်းစု စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြန်လည်သုံးသပ် အတည်ပြုခဲ့သည်။ဤအစီရင်ခံစာတွင် ရည်ညွှန်းချက်များ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- “မိမိတို့”၊ နှင့် “မြန်မာ့သြဘာလုပ်ငန်းစု” တို့သည် အဓိပ္ပာယ်တူညီသည်။
- ၂ဝ၂၄ ခုနှစ် သည် ဘဏ္ဍာနှစ် ၂ဝ၂၃/၂၄ ခုနှစ်ကို ရည်ညွှန်းသည်။
- ၂ဝ၂၅ ခုနှစ် သည် ဘဏ္ဍာနှစ် ၂ဝ၂၄/၂၅ ခုနှစ်ကို ရည်ညွှန်းသည်။
- ၂ဝ၂၆ ပထမနှစ်ဝက် သည် ၂ဝ၂၅ ခုနှစ် ဧပြီလနှင့် စက်တင်ဘာလအကြားရှိ ၂၀၂၅/၂၆ ဘဏ္ဍာ နှစ်၏ ပထမနှစ်ဝက်ကို ရည်ညွှန်းသည်။






















